သူ့စကားကြောင့် သေရတယ်-စကားလေးတစ်ခွန်းကြောင့်”
“အမေ၊ ဘာလို့ မကောင်းတဲ့ အလုပ်ကို လုပ်တာလဲ။”
ပေါဋ္ဌပါဒအမည်ရှိ ညီငယ်ကြက်တူရွေးက
သူတို့ညီအစ်ကို နှစ်ယောက်ကို မွေးမြူထားတဲ့
ပုဏ္ဏေးမကြီးကို မေးလိုက်တာ ဖြစ်ပါတယ်။
ရှေးအခါက ဗာရာဏသီမြို့မှာ ဗြဟ္မဒတ်မင်း
အုပ်ချုပ်တဲ့အခါ ဘုရားလောင်းက ကြက်တူရွေးအမျိုးမှာ
ဖြစ်ပါတယ်။ သူ့နာမည်က ရာဓ ဖြစ်ပါတယ်။
သူ့ညီငယ် ကြက်တူရွေးက ပေါဋ္ဌပါဒ မည်ပါတယ်။
အဲဒီညီ နောင်(၂) ကောင်ကို ငယ်ရွယ်စဉ်အခါမှာပဲ
မုဆိုးတစ်ယောက်က ဖမ်းယူပြီး ဗာရာဏသီမြို့က
ပုဏ္ဏားတစ်ယောက်အား ပေးလိုက်ပါတယ်။
ပုဏ္ဏားရဲ့ ဇနီး ပုဏ္ဏေးမကတော့ စောင့်ရှောက်မှု
မရှိပါ။ သီလ မရှိပါ။ ပုဏ္ဏားက ကုန်သွယ်မှုပြုလုပ်ဖို့
သွားတဲ့အခါ အဲဒီကြက်တူရွေးညီနောင်ကို
ခေါ်ပြီး ဒီလို မှာပါတယ်။
“ချစ်သားတို့ ငါဟာကုန်သွယ်မှု ပြုလုပ်ဖို့
သွားမယ်။ အချိန်အခါမှာရော၊ အချိန်အခါမဲ့မှာပါ
သင်တို့ရဲ့ မိခင်ပြုလုပ်တဲ့အမှုကို ကြည့်ထားကြပါ။
အခြားယောက်ျား လာတာကိုရော၊ မလာတာကိုပါ
သိအောင် လုပ်ထားကြပါ။
အဲဒီလိုမှာကြားပြီး ကြက်တူရွေးညီနောင်ကို ပုဏ္ဏေးမအား
အပ်ကာ သွားပါတယ်။ ပုဏ္ဏေးမက လင်ပုဏ္ဏား
ထွက်သွားချိန်ကစပြီး မပြုကျင့်ထိုက်တဲ့ အကျင့်ကို
ပြုကျင့်ပါတယ်။ ညအခါမှာရော၊ နေ့အခါမှာပါ
လာသူတွေရဲ့ရော၊ သွားသူတွေရဲ့ပါ အတိုင်းအတာဟာ
မရှိပါ။ အဲဒါကို မြင်ပြီး ပေါဋ္ဌပါဒက ရာဓကို
“ပုဏ္ဏားက ဒီပုဏ္ဏေးမကို ငါတို့အား အပ်နှင်းပြီး
သွားတယ်။ ဒီပုဏ္ဏေးမကလည်း မကောင်းမှုကို
လုပ်နေတယ်။ အဲဒီပုဏ္ဏေးမကို ငါ ပြောပါမယ်”
လို့ ပြောပါတယ်။
ရာဓက “မပြောနဲ့” လို့ ပြောပါတယ်။
ပေါဋ္ဌပါဒက ရာဓရဲ့စကားကို မနာယူဘဲ
“အမေ၊ ဘာလို့ မကောင်းတဲ့ အလုပ်ကို လုပ်တာပါလဲ”
လို့ မေးလိုက်ပါ တယ်။ ပုဏ္ဏေးမက ပေါဋ္ဌပါဒကို
သတ်လိုလို့
“ချစ်သား၊ သင်ဟာ ငါ့ရဲ့ သားပဲ။ ဒီအချိန်ကစပြီး
ငါဟာမလုပ်တော့ပါ။ ချစ်သား၊ လာစမ်းပါဦး”
လို့ ပြောပြီး ချစ်ဟန်ဆောင်ကာ ခေါ်လိုက်လို့
လာတဲ့ ပေါဋ္ဌပါဒကို ဖမ်းယူလိုက်ပါတယ်။
“သင်က ငါ့ကို ဆုံးမတယ်။ မိမိရဲ့ အတိုင်းအတာ
ပမာဏကို သင်မသိ”လို့ပြောကာ လည်ပင်းကို
လိမ်သတ်လိုက်ပြီး၊ ဖိုခနောက်ကြားတွေမှာ
ပစ်ထည့်လိုက်ပါတယ်။
ပုဏ္ဏား လာပြီး အပန်း ဖြေကာ ဘုရားလောင်း
ရာဓကြက်တူရွေးကို မေးပါတယ်။”
“ချစ်သား ရာဓ၊ သင့်ရဲ့ မိခင်ဟာ မပြုကျင့်တဲ့
အကျင့်ကို ပြုလုပ်သလား၊မပြုလုပ်ဘူးလား။”
“ချစ်သား ရာဓ၊ ငါဟာ အရပ်တစ်ပါးမှ ပြန်လာခဲ့တယ်။
ငါဟာလည်း အခုပဲ လာခဲ့ပါတယ်။ ပြန်ရောက်တာ
မကြာသေးပါ။ ဒါကြောင့် ဖြစ်ပုံကို မသိရလို့
“ချစ်သား၊ ဘယ်လိုလဲ။ သင့်ရဲ့ မိခင်ဟာ အခြား
ယောက်ျားကို မမှီဝဲဖူးလား။”
“ဖခင်ပုဏ္ဏားကြီး၊ ပညာရှိတွေဆိုတာ မှန်တာကိုရော၊
မမှန်တာကိုပါ အကျိုးမရှိရင် မပြောဆိုကြပါ။
မှန်ကန်အကျိုးရှိပြီး၊သဘာဝကျတဲ့စကားဖြစ်ပေမယ့်လည်း
မဖြစ်နိုင်ရင် (ဝဋ်ဆင်းရဲမှ မထွက်မြောက်စေရင်)
မပြောဆိုပါ။ မဖြစ်နိုင်တဲ့ အမှန်စကားကို ပြောမိတဲ့
ပေါဋ္ဌပါဒဟာ ပြာပူထဲမှာ လဲလျောင်းနေရသလို
လဲလျောင်းနေရပါလိမ့်မယ်။”
ဘုရားလောင်း ရာဓကြက်တူရွေးဟာ အဲဒီလိုပုဏ္ဏားအား
တရားဟောပြီး“ငါဟာလည်း ဒီနေရာမှာ နေဖို့
မတတ်နိုင်”လို့ တွေးပြီး ပုဏ္ဏားကို ပြန်ပြောကာ
တောကိုပဲ ဝင်သွားပါတယ်။
ပေါဋ္ဌပါဒကြက်တူရွေးဟာ အရှင်အာနန္ဒာလောင်းလျာ
ဖြစ်ပါ တယ်။
(ဇာတ်၊ ဋ္ဌ၊ ဒု၊၁၂၁)
မှန်ပေမယ့် အကျိုးမရှိတဲ့ စကားမျိုးကို မပြောသင့်ပါ။
မှန်ကန် အကျိုးရှိနိုင်ပေမယ့်၊မဖြစ်နိုင်တဲ့
စကားမျိုးကိုလည်း မပြောသင့်ပါ။ မပြောသင့်ဘဲ
ပြောရင်ပြောသူမှာ ဒုက္ခရောက်ရတတ်ပါတယ်။
မကောင်းတာကိုလုပ်သူဆိုတာ အကောက်ဉာဏ်နဲ့
ကြံတတ်ကြပါတယ်။
ပုဏ္ဏေးမကြီးရဲ့ လုပ်ရပ်က သာဓကပြနေပါတယ်။
အကောက်ဉာဏ်နဲ့ ပုဏ္ဏေးမကြီးက ပေါဋ္ဌပါဒ
ကြက်တူရွေးလေးကို အသေသတ်လိုက်ပါတယ်။
မကောင်းတာကို လုပ်သူတွေက အကောက်ဉာဏ်ကိုပဲ
သူတို့ရဲ့ ထွက်ပေါက်လို့ ထင်နေတတ်ကြပါတယ်။
အဖြောင့်ဉာဏ်ကို ထွက်ပေါက်လို့ မထင်နိုင်ကြပါ။
ပေါဋ္ဌပါဒဟာ သူ့ရဲ့ စကားလေးတစ်ခွန်းကြောင့်
အသက်သေသွားရရှာပါတယ်။ ပညာဉာဏ်ရှိတဲ့
ရာဓကတော့ သေဘေးမှ လွတ်အောင် နေတတ်ပါတယ်။
နေလို့ မဖြစ်နိုင်မှန်း သိလာရလို့ ရာဓဟာ တောကိုပဲ
ဝင်သွားပါတော့တယ်။ ယုတ်မာသူနဲ့အတူ နေရတာဟာ
အန္တရာယ်များလှပါတယ်။ ယုတ်မာသူနဲ့ ဝေးလေ၊
အရန္တာယ် ကင်းလေပါပဲ။ ရာဓဟာ အန္တရာယ်
ကင်းအောင် ယုတ်မာတဲ့ပုဏ္ဏေးမနဲ့ ဝေးရာကို
ပြေးသွားပါတော့တယ်။ အသိဉာဏ်နဲ့ ရှောင်လိုက်တာပါပဲ။
ရှောင်တတ်ရင် အန္တရာယ်ကင်းပါတယ်။